Monday, October 7, 2013

အင်တာနက် စောင့်ကြည့်ရေး ဝန်ထမ်းနှစ်သန်း တရုတ်အစိုးရ ခန့်ထား




အမေရိကန်နှင့် အနောက်နိုင်ငံများရှိ ကွန်ပျူတာ ကွန်ရက်ကို ဖောက်ထွင်း၍ သတင်းအချက်အလက်များ ခိုးယူလျက် ရှိသည်ဟု စွပ်စွဲခံထားရသော တရုတ်အစိုးရသည် အင်တာနက် အသုံးပြုမှုများကို စောင့်ကြည့်ရန် လူဦးရေ နှစ်သန်းခန့်ကို အစိုးရ ဝန်ထမ်းအဖြစ် အလုပ်ခန့်ထားကြောင်း တရုတ်အစိုးရပိုင် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

တရုတ်အစိုးရထုတ် The Beijing News တွင် ဖော်ပြထားချက်အရ အင်တာနက် အတွေးအမြင် သုံးသပ် လေ့လာသူများဟု နာမည်ပေးထားသော အဆိုပါ ဝန်ထမ်း နှစ်သန်းခန့်ကို အစိုးရ၏ လခပေးသော စာရင်းတွင် ထည့်သွင်းထားသည်ဟု ဆိုသည်။

တရုတ်နိုင်ငံတွင် သန်းရာနှင့်ချီသော အင်တာနက် အသုံးပြုသူများသည် Sina Weibo ကဲ့သို့သော အင်တာနက်ဘလော့ ဝက်ဘ်ဆိုက်များကို အသုံးပြု၍ တရုတ်အစိုးရကို ဝေဖန်မှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ အင်တာနက် စောင့်ကြည့်သူများသည် ဝက်ဘ်ဆိုက်များတွင် ရေးသားထားသည်များကို ဖျက်ပစ်သည့် အလုပ်ကို လုပ်ရခြင်းမဟုတ်ဘဲ ၎င်းအရေးအသားများကို သိမ်းဆည်း၍ တာဝန်ရှိသူများထံသို့ ပို့ပေးရခြင်း ဖြစ်သည်။

အင်တာနက် စောင့်ကြည်သူများ အလုပ်လုပ်သောရုံး၌ အသုံးပြုသော ဆော့ဖ်ဝဲလ်များမှာ အလွန်အဆင့်မြင့်ပြီး ၎င်းတို့သည် တရုတ်ပြည်တွင်း အင်တာနက်ကိုသာမက ပြည်ပရှိ ဝက်ဘ်ဆိုက်များကိုလည်း စောင့်ကြည့်လျက် ရှိကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

အင်တာနက် စောင့်ကြည့် စစ်ဆေးမှုနှင့် ပတ်သက်၍ လည်းကောင်း၊ အဆိုပါ နည်းပညာရှင်များ၏ ကျွမ်းကျင်မှုကို လည်းကောင်း အသေးစိတ် အချက်အလက်များကို တရုတ်အစိုးရ အနေနှင့် ထုတ်ဖော်ပြောကြားလေ့ မရှိပေ။

ယခုဖော်ပြထားသော အင်တာနက် စောင့်ကြည့်သူ နှစ်သန်းခန့်မှာ အင်တာနက် ထိန်းချုပ်ရေးကို အဓိက လုပ်ဆောင်နေသော တရုတ်တပ်မတော်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆနိုင်သည်။

တရုတ်နိုင်ငံတွင် လူသုံးများသော မိုက်ကရိုဘလော့ ဝက်ဘ်ဆိုက်မှာ ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သော Sina Weibo ဖြစ်ပြီး ယင်းဝက်ဘ်ဆိုက်တွင် အသုံးပြုသူ စာရင်းသွင်းထားသူ အရေအတွက်မှာ သန်း ၅၀၀ ရှိကာ၊ နေ့စဉ် သတင်းရေးသားချက် မက်ဆေ့ခ်ျပေါင်း သန်း ၁၀၀ ခန့်ရှိသည်။

အဆိုပါ သတင်းရေးသားချက် မက်ဆေ့ခ်ျများတွင် လူတစ်ဦးချင်း၏ ဝါသနာများ၊ ကျန်းမာရေး ကိစ္စများ၊ ထင်ပေါ် ကျော်ကြားသူများ၏ အကြောင်းအရာများမှအစ တရုတ်အစိုးရ အရာရှိများ လာဘ်စားသည့် ကိစ္စကဲ့သို့သော နိုင်ငံရေးအရ အထိမခံသော ကိစ္စများ ရေးသားကြသည်။

The Voice Weekly

credit >>> Thit Htoo Lwin


0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။