ရန်ကုန်မြို့၏ စမတ်ဖုန်း ရောင်းချနေရသည့် ပမာဏသည် ယခုနှစ်အတွင်း သိသာစွာမြင့်တက် လာခဲ့ခြင်းကြောင့် မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများဘက်တွင် ရင်းနှီးမြှုပ်နှံမှု များပိုမိုပြုလုပ်လာကြသည်ဟု စုံစမ်းသိရသည်။
နေရာအနှံ့တွင် ဖွင့်လှစ်လာကြသည့် မိုဘိုင်းဖုန်းနှင့် ဆက်စပ်အရောင်းဆိုင်များတွင် နေ့စဉ်နှင့် အမျှ စမတ်ဖုန်းများကို အဓိကရောင်းချပေးနေရသည်ဟု ရန်ကုန်မြို့တွင်း အရောင်းဆိုင်များက ပြောသည်။ စမတ်ဖုန်းသုံးစွဲမှု ဖွံ့ဖြိုးလာခြင်းကြောင့် စီးပွားရေးလုပ်ငန်းအသစ်လုပ်ကိုင်လိုသူ လုပ်ငန်းရှင်များသည် မိုဘိုင်းဖုန်းနှင့်ဆက်စပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် မျက်စိကျလာကြခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရန်ကုန်အခြေစိုက် ထိုစီးပွားရေးလုပ်ငန်းတစ်ရပ် ထူထောင်မည်ဆိုပါက အနည်းဆုံး ကျပ်ငွေသိန်းငါးရာခန့် စိုက်ထုတ်ရသည်ဟု မိုဘိုင်းဖုန်းလုပ်ငန်းများက ပြောကြားသည်။
“သုံးစွဲသူတွေမျက်စိပွင့်၊ နားဖွင့်လာကြတာတွေကြောင့်လည်း ဖြစ်တယ်။ နောက်ပိုင်းလည်း မြန်မာပြည် ဖုန်းဈေးကွက်က စမတ်ဖုန်းတွေချည်းပဲ ဖြစ်လာတော့မှာ။ နိုင်ငံတကာမှာလည်း စမတ်ဖုန်းဈေးကွက်ပဲ ဖြစ်နေတာပဲ။ ပြောင်းလဲချင်သည်ဖြစ်စေ၊ မပြောင်းလဲချင်သည်ဖြစ်စေ မဖြစ်မနေကို ဒီ ဈေးကွက်ကြီးတစ်ခုလုံးက ပြောင်းလဲရတော့မှာ။ စမတ်ဖုန်းသုံးတဲ့သူတွေလည်း အရမ်းတက်လာတယ်။ အဲ့ဒီတော့ အကျိုးဆက်က တစ်ဖက်မှာ ဈေးကွက်ကအရမ်း ကျယ်ပြန့်လာတဲ့ဘက်ကို ဦးတည်နေတယ်” ဟု ရန်ကုန်မြို့တွင် မိုဘိုင်းဖုန်းနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများ များပြားလာခြင်းအပေါ် iNora Mobile ဆိုင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုထက်မြတ်အောင်က သုံးသပ် ပြောကြားသည်။
မိုဘိုင်းဖုန်းရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးသည့် စီးပွားရေးလုပ်ငန်းများ ပိုမိုများပြားလာခြင်းကြောင့် ယခင်ကရှိနှင့်ပြီးသား နာမည်ရ မိုဘိုင်းဆိုင်များကလည်း အသစ်ပေါ်ထွက်လာသည့် ဆိုင်များနှင့်အပြိုင် ဝန်ဆောင်မှုကိုပေးကာ ဝယ်သူများကို ဈေးကွက် ဆွဲဆောင်မှုများပြုလုပ်နေကြရသည်ဟု အဆိုပါလုပ်ငန်းကို လုပ်ကိုင်နေသူအချို့က ဆိုကြသည်။
“စမတ်ဖုန်းကို အရင်နှစ်တွေကထက် အများကြီးကိုသုံးလာကြတယ်။ ဘယ်လိုသုံးရမယ်ဆိုတာလည်း သုံးစွဲသူတွေက ကောင်းကောင်းသိနေကြပြီ။ အရင်ကဆို ဆိုင်တွေကနေလုပ်ပေးတဲ့ ဝန်ဆောင်မှုတွေကိုပဲ ရယူနေကြရတဲ့ သူတို့တွေက အခုဆိုရင် သူတို့လို ချင်တာတွေကို တောင်းဆိုတတ်လာနေပြီ။ စမတ်ဖုန်းနည်းပညာရဲ့ ကျယ်ပြန့်မှုက ဒီကဈေးကွက်ကိုပါ အကျိုးသက်ရောက်ပါတယ်။ ဈေးကွက်ကျယ်ပြန့်လာတာနဲ့အမျှ၊ လုပ်ငန်းတူပြိုင်ဘက်တွေ များလာတာနဲ့အမျှ ဝန်ဆောင်မှုက အသက် ဖြစ်သွားပြီ” ဟု မိုဘိုင်းဖုန်းစီးပွားရေးလုပ်ငန်းများ တွင်ကျယ်လာခြင်းနှင့် ပတ်သက်ပြီး မိုဘိုင်းဆိုင်မှ တာဝန်ရှိသူဖြစ်သော ကိုမင်းသန့် ကဆိုသည်။
ယခုကဲ့သို့ ရန်ကုန်မြို့တွင် မိုဘိုင်းဖုန်းလုပ်ငန်းဖွင့်လှစ်မှုများ များပြားလာခြင်းကြောင့် သုံးစွဲသူများအတွက် စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်များလည်း ပိုမိုလာကြသည်။ အထက်ပါအကြောင်းအရာနှင့် တစ်ချိန်တည်းမှာပင် ပြည်တွင်းသို့ တရုတ်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း အစရှိသော နိုင်ငံများမှ စမတ်ဖုန်းများအပြိုင် တင်သွင်းလာမှုကြောင့် ၂၀၁၁ ခုနှစ်အထိ သုံးစွဲသူများပြားခဲ့သေးသည့် အဆင့်မြင့်နည်းပညာများ မပါဝင်သော Java ဖုန်းများ၏ ဈေးကွက်သည် ယခုလက်ရှိအချိန်တွင် တဖြည်းဖြည်းလျော့ရဲလာနေ ပြီဖြစ်သည်။
ရန်ကုန်မြို့အပြင် လူနေထူထပ်သည့် မန္တလေး၊ တောင်ကြီး အပါအဝင် အခြားသောမြို့ကြီးများတွင်ပါ စမတ်ဖုန်းသုံးစွဲသူများ တိုးတက်လာနေပြီဖြစ်သည်။ ပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက်တွင် တရုတ်နိုင်ငံဘက်မှ တင်သွင်းလာသည့် Android Platform စမတ်ဖုန်းများက အများဆုံးနေရာ ယူထားကြောင်း အထက်ပါမိုဘိုင်း ဖုန်းလုပ်ငန်းရှင်များက ဆိုကြသည်။ ရန်ကုန်မြို့၏ စမတ်ဖုန်းသုံးစွဲသူ တိုးတက်လာသော်လည်းပဲ လုပ်ခလစာ နည်းပါးလွန်းသော အခြေခံလူတန်းစားများအတွက်မူ ကျပ်ငါးသောင်းဝန်းကျင်ရှိသည့် စမတ်ဖုန်းများကို ကိုင်ဆောင်နိုင်ခြင်းမရှိကြသေးပေ။ ၎င်းတို့သည် တန်ဖိုးနည်းဆင်းကတ်များကိုပင် အသုံးပြုရန် ခက်ခဲနေကြဆဲ ဖြစ်သည်။
Credit>>> ယုဇနကိုကို

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။